Wednesday 8 December 2010

''စာပေလောက ၉ ~ အင်္ဂလန်''

''စာတတ်ခြင်းဟာ နိုင်ငံကူးလက်မှတ်ကို ပိုင်ဆိုင်ခြင်းပဲဆိုတဲ့ဖေဖေ နဲ့ မေမေ့စကား''
ဖေဖေနှင့်မေမေကို အသက်ရှိနေစေချင်လှပါသည်။ စာတတ်ခြင်းဟာ နိုင်ငံကူးလက်မှတ်ကို ပိုင်ဆိုင်ခြင်းပဲ သမီးကြီး ဟုဆိုခဲ့စဉ် အခါက ဘာကိုဆိုလိုမှန်း ရေရေရာရာ မသိခဲ့သော်ငြားလည်း မိဘကိုစိတ်ချမ်းသာစေချင်ဇော ဖြင့် ကျွန်မစာကို အထူးကြိုးစားခဲ့ပါသည်။ ပထမအစမ်း၊ ဒုတိယအစမ်း စာမေးပွဲများတွင် အဆင့် ၁၊၂၊၃ မဝင်ပါက စားမဝင် အိပ်မပျော်နိုင်လောက်သည့်အထိ စာကို အထူးကြိုးစားကျက်မှတ်ခြင်း အကျင့်ပါလာခဲ့ပါသည်။
အတန်းစဉ် ဆုများဖြင့်မှန်မှန်အောင်ခဲ့အပြင် အခြေခံပညာအထက်တန်းကို မြန်မာစာဂုဏ်ထူးဖြင့် နှစ်ချင်းပေါက် အောင်မြင်ခဲ့သော နေ့တွင် ကျွန်မ၏မေမေမှာ အောင်စာရင်း ထွက်သည့်နေ့မှာ ထခုန်မိမတတ်ပျော်ရွှင်နေခဲ့ရှာပါသည်။ ဖေဖေကတော့ ကျွန်မကို တက္ကသိုလ်မတက်မှီစပ်ကြား ဦးဝင်းမော်(Research) ထံမှာ အင်္ဂလိပ်စာ အရေး၊ အဖတ်၊ အပြော နှင့် နားထောင်စွမ်းရည် တို့ကို အထူးသွားရောက်ကျက်မှတ် သင်တန်းတက်ရန်ညွှန်ကြားခဲ့ပါသည်။ ဖေဖေက လူတယောက်ဟာ အနဲဆုံး ဘာသာစကား (၆)မျိုးကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်အောင်မြင်နိုင်ပါသည် ဟူ၍လည်း အားပေးစကား ပြောကြားခဲ့ပါသည်။ ဖေဖေ နှင့် မေမေ၏ စကားများက ကျွန်မကို အလွန်အားတက်စေခဲ့ပါသည်။
ယခုနိုင်ငံရပ်ခြားပေါင်း '၂၃' နိုင်ငံသို့ ရောက်ရှိလည်ပတ်ပြီးသောအခါ ဖေဖေ နှင့် မေမေ ပြောပြခဲ့ဖူးသော ''စာတတ်ခြင်းဟာ နိုင်ငံကူးလက်မှတ်ကို ပိုင်ဆိုင်ခြင်းပဲ'' ဆိုသောစကား၏ အနက်အဓိပ္ပါယ်ကို လေးလေးနက်နက် နားလည်လာမိပါသည်။ မြန်မာစာဂုဏ်ထူးကို အခြေခံပညာအထက်တန်းတွင်သာမက စီးပွားရေး တက္ကသိုလ် ပထမနှစ်တွင်ပါ ဂုဏ်ထူး ထပ်ထွက်ခဲ့သော၊ ထိုပီတိကို ခံစားခဲ့ဖူးသော ကျွန်မသည် မြန်မာမျိုးဆက်သစ်တိုင်း နှင့် ကျွန်မ၏မျိုးဆက်တိုင်းကို အလားတူပီတိမျိုးရရှိစေခြင်ပါသည်။
ကောင်းမွန်သော ရည်ရွယ်ချက်အမျိုးမျိုးဖြင့် ''စာပေလောက စာအုပ်တိုက် အမှတ် ၉'' ကို အင်္ဂလန်နိုင်ငံ၏ ကမ္ဘာကျော် သမိုင်းဝင်မြို့တော်ကြီးဖြစ်သော အောက်စဖို့ဒ် မြို့တော်ကြီးတွင် ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါသည်။
နိုင်ငံတကာတွင် မြန်မာစာဖတ်သူ၊ မှတ်သူ၊ လေ့လာသူများ ပြန့်ပွားရေးအလို့ငှာ စေတနာ အဓိကထား၍ ဖွင့်လှစ်လိုက်သော ''စာပေလောက စာအုပ်တိုက် အမှတ် ၉'' ကို မင်္ဂလာအမည်ယူ ဖွင့်လှစ်ခွင့်ပေးသော မူပိုင် ''စာပေလောက'' စာအုပ်တိုက်ပိုင်ရှင် လူကြီးမင်းများကိုလည်း အထူး လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါကြောင်း ဤနေရာမှ အားပါးတရ ပြောကြားလိုပါသည်။ ကမ္ဘာအရပ်ရပ်သို့ အကြောင်းအမျိုးမျိုးဖြင့် လှည့်လည်၊ သွားလာ၊ နေထိုင်၊ လည်ပတ်နေလျှက်ရှိကြသော မြန်မာနိုင်ငံသူ နိုင်ငံသားများမှလည်း မိမိတို့တတ်အားသ၍ အားပေး၊ ချီးမြှောက်၊ တိုက်တွန်းပေးကြပါရန် အထူးလေးစားစွာ ပန်ကြားဖိတ်ခေါ်အပ်ပါသည်။
ဆိုင်သို့လာရောက်အားပေးသူများအား မြန်မာနိုင်ငံထွက် ရှမ်းပြည်လ္ဘက်ခြောက်စစ်စစ် မွှေးမွှေးလေးဖြင့် ကြိုထားသော ရိုးရာရေနွေးကြမ်းဖြင့်ဧည့်ဝတ်ကျေစေရပါမည်။
အောက်ပါ Internet website Address သို့ ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။
စာအုပ်အညွှန်းများကို ဆက်လက်၍ တိုးချဲ့တင်ပြသွားပါမည်။

http://www.sarpaylawka.co.uk